Monday, 24 December 2012

၃၈ဖြာမင်္ဂလာ(၃၈)

(၃၈) ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်း
ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
ရှေးသရောအခါ ရာဇဂြိုလ်မြို့တော်၌ ဥဂ္ဂသေန အမည်ရှိသော သူဌေးသားတစ်ယောက်ရှိသည်။ တစ်နေ့တစ်၌ ကချေသည် ငါးရာတို့သည် ၄င်းမြို့ ၌ စံမြန်းသော ဗိမ္ဗိသာရမင်းကြီးထံ လာရောက်ကပြဖြေဖျော်ကြသည်။ ထိုအထဲတွင် ကချေသည်မတစ်ယောက်သည် လွန်စွာလှပချောမောရာ ဥဂ္ဂသေနသည် ချစ်ကြိုက်သွားလေသည်။
ကချေသည်မသည် ကျွမ်းသမားကချေသည်ကြီး၏ သမီးဖြစ်သည်။ ကျွမ်းသမားကြီးသည် အတောင်၆၀ရှိသော ဝါးလုံးထိပ်တွင် ရပ်ကာ အမျိုးမျိုး ကပြနိုင်စွမ်းရှိလေသည်။
ဥဂ္ဂသေနသည် ကချေသည်မကို တပ်မက်စွဲလမ်းလှသဖြင့် မအိပ်နိုင်၊ မစားနိုင်၊ ညောင်စောင်းပေါ်တွင် လဲလျောင်း၍သာ နေ၏။ မိဘများက သိရှိသဖြင့် အမျိုးမျိုး ဖျောင်းဖျပြောဆိုသော်လည်း ဥဂ္ဂသေနကား နားမဝင်နိုင်ပေ။ နောက်ဆုံးတွင် မိဘများသည် မိတ်ဆွေတစ်ယောက်အား အဿပြာ တစ်ထောင်ထုပ်ကို ပေးအပ်၍ ကချေသည်မ၏ဖခင် ကျွမ်းသမားကြီးထံ သမီးတောင်းစေသည်။ ကျွမ်းသမားကြီးက “ငါ့သမီးကို သူဌေးအိမ်သို့ကား မထည့်နိုင်၊ ဥဂ္ဂသေနအား ငါတို့အဖွဲ့နှင့် တပါတည်း လိုက်နေနိုင်လျှင် ပေးစားမည်” ဟု အကြောင်းပြန်လိုက်လေသည်။
ထိုအဆိုကို ဥဂ္ဂသေန၏ မိဘများက လက်မခံပေ။ သို့ရာတွင် ဥဂ္ဂသေနသည် မိဘများ တားမြစ်သည်ကို လက်မခံပဲ ကချေသည်မနှင့် လက်ဆက်ကာ သူတို့လှည့်လည်သွားလာရာသို့ အတူလိုက်ပါသွားလေသည်။ သို့ရာတွင် သူသည် ကျွမ်းအတတ်၊ ကချေသည်အတတ် စသည်တို့နှင့် မယဉ်ပါးသဖြင့် ပါဝင်ကပြနိုင်ခြင်းမရှိရာ အောက်ခြေသိမ်းအလုပ်များအား လုပ်ကိုင်၍နေရလေသည်။
မကြာမှီ ကချေသည်မသည် သားတစ်ယောက်ဖွားမြင်လေ၏။ ဥဂ္ဂသေန၏ ဇနီးသည်သည် ၄င်း၏ လင်ယောင်္ကျား အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်နေရသည်ကိုမနှစ်မြို့ ချေ။ ကလေးအားချော့မြူရာတွင် ဥဂ္ဂသေနအား နှိမ့်ချ၍သောအားဖြင့် “အောက်ခြေသိမ်းသမား၏သား”၊ “ဘာမှမတတ်သူ၏သား” ဟုကလေးကိုချော့မြူသည်။ ဥဂ္ဂသေနသည်လည်း လွန်စွာအရှက်ရ၍ ယောက္ခမ ကျွမ်းသမားကြီးထံမှ အတတ်ပညာများကို ကြိုးစားသင်ယူလေသည်။ တစ်နှစ်တာမျှ သင်ယူပြီး ဥဂ္ဂသေနသည် ကျွမ်းအတတ်အား တတ်မြောက်သွားလေတော့သည်။
သို့ဖြင့် ဥဂ္ဂသေနသည် ၄င်း၏အတတ်ပညာအား ပါဝင်ပြသလာပြီး ၄င်း၏နေရပ် ရာဇဂြိုလ်ပြည်သို့ ပြန်လည်ရောက်ရှိလာလေတော့သည်။ နေရပ်တွင် “ဥဂ္ဂသေန သူဌေးသားက ၄င်း၏အတတ်ပညာဖြင့် ဖျော်ဖြေလိမ့်မည်” ဟုကြေငြာစေသည်။
မြို့သူမြို့သားတို့လည်း ပွဲသဘင်ကိုကြည့်ရှုရန် စုဝေးရောက်ရှိလာကြသည်။ ဥဂ္ဂသေနသည် မိမိ၏ အစွမ်းကို ပြရန် အတောင် ၆၀ ရှိသော ဝါးလုံးထိပ်သို့ တပ်၍ ရပ်လေသည်။ ထိုအခိုက်တွင် ဗုဒ္ဓဘုရားရှင်သည် နောက်ပါ သံဃာတော်များနှင့်တကွ ဆွမ်းခံကြွလာကြသည်။ ထိုသောအခါ ပရိသတ်တို့သည် ဥဂ္ဂသေနကို မကြည့်ကြတော့ပဲ ဘုရားရှင်ရှိရာသို့သာ လှမ်း၍ ဖူးမြော်ကြသည်။
ထိုအခါ  ဥဂ္ဂသေနသည် ၄င်း၏အတတ်ပညာကို အရေးမလုပ်ကြသောကြောင့် စိတ်နှလုံးမသာမယာဖြစ်လေတော့သည်။ ဘုရှားရှင်ကသိတော်မူသဖြင့် အရှင်မဟာမောဂ္ဂလာန်ကိုစေလွှတ်ကာ ဥဂ္ဂသေနအား ကပြရန် တိုက်တွန်းစေတော်မူသည်။ ဥဂ္ဂသေနလည်း ဘုရားရှင်ကိုယ်တော်တိုင် ကပြရန်စေခိုင်းသဖြင့် အားတက်ကာ ဝါးလုံးတိုင်ထိပ်တွင် အားပါးတရ ကျွမ်းထိုးမှောက်ခုံ အမျိုးမျိုးကပြလေသည်။ ၁၄ ကြိမ်မြောက် ကပြအပြီးတွင် ဘုရားရှင်သည် ဥဂ္ဂသေနအား တရားဟောတော်မူလေသည်။ ဥဂ္ဂသေနသည် ပါရမီရှိသူဖြစ်သဖြင့် ဝါးလုံးထိပ်မှာပင် တရားထူးရသွားလေသည်။ ထို့နောက် ဝါးလုံးထိပ်မှဆင်းကာ ဘုရားရှင်၏ ခြေတော်စုံကို ဦးခိုက်ကာ ရဟန်းပြုခွင့်တောင်းလေသည်။ ဘုရားရှင်က “လာလော့ ရဟန်း” ဟုခေါ်တော်မူလျှင်ပင် ဥဂ္ဂသေနသည် ရှေးကပြုဖူးသော ကုသိုလ်ကံတို့ကြောင့် လူအသွင်ပျောက်ကာ သင်္ကန်း၊ ပရိက္ခရာ အစုံအလင်ဖြင့် ကြည်ညိုဖွယ်ရာ ရဟန်းအသွင် ဖြစ်သွားလေတော့သည်။ ဥဂ္ဂသေန၏ ဇနီးသည် ကချေသည်မသည်လည်း ဥဂ္ဂသေန နည်းတူ ရဟန်းမပြု၍ တရားအားထုတ်ရာ တရားထူးရ၍ ရဟန္တာရှင်မ ဖြစ်သွားလေသည်။

မင်းယုဝေ( ၃၈ဖြာမင်္ဂလာ ပုံပြင်များ)

No comments:

Post a Comment