Tuesday 28 August 2012

၂၄ပစ္စည်း

၂၄ပစ္စည်းမူရင်းအနက်အဓိပ္ပါယ်

ပဋ္ဌာန်း (၂၄) ပစ္စည်းပါဠိ၏ မူရင်းအနက်အဓိပ္ပါယ်ကို ပရမတ္ထ၀ိဘာဝိနီဋီကာခေါ် မူရင်းဋီကာကျော်ပါဠိစာအုပ်မှ ရှာဖွေထုတ်နှုတ်၍ အနက်မြန်မာပြန်ဆိုဖေါ်ပြပေးလိုက်ပါသည်။

(၁) ဟေတုပစ္စယော- သစ်ပင်၏ရေသောက်မြစ်ကဲ့သို့ ဟိတ်ခြောက်ပါးတို့၏
အကြောင်းတရားအနေအားဖြင့် အတူဖြစ်ဘက်ရုပ်နာမ်တရား
တို့ကိုကျေးဇူးပြုခြင်း၊
(၂) အာရမ္မဏပစ္စယော- အားနည်းသူဆွဲမှီရာတောင်ဝှေးစသည်ကဲ့သို့ အာရုံခြောက်ပါးတို့၏
အာရုံအပြုခံသဘောအားဖြင့် စိတ်စေတသိက်တရားတို့ကို
ကျေးဇူးပြုခြင်း၊
(၃) အဓိပတိပစ္စယော- ဆန္ဒ၊ ၀ီရိယ၊ စိတ်၊ ၀ီမံသ (ပညာ)တည်းဟူသော တရားလေးပါး
တို့၏ မိမိနှင့်စပ်၍ဖြစ်ဘက်တရားတို့ကို အကြီးအမှုးပြုသောအား
ဖြင့် ကျေးဇူးပြုခြင်း၊
(၄) အနန္တရပစ္စယော- စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို ရှေ့နောက်အကြား
မရှိအောင် ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၅) သမနန္တရပစ္စယော- ပုံသဏ္ဌာန်မရှိသဖြင့် စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို
အကြားကာလမရှိစေဘဲ ကောင်းစွာကျေးဇူးပြုခြင်း၊
(၆) သဟဇာတပစ္စယော- ဆီမီး၏ အလင်းရောင်ကဲ့သို့ အတူဖြစ်ဘက် ရုပ်နာမ်တရားတို့ကို
အတူဖြစ်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၇) အညမညပစ္စယော- အချင်းချင်းထောက်မထားသော ဒုတ်သုံးချောင်းကဲ့သို့ မိမိအား
ကျေးဇူးပြုတတ်သော ရုပ်နာမ်တရားတို့ကို ပြန်လည်ထောက်မ
သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၈) နိဿယပစ္စယော- အ၀တ်၊ စက္ကူစသည်သည် ပန်းချီ၏မှီရာဖြစ်သကဲ့သို့၎င်း၊ မြေကြီးသည်
သစ်ပင်တောတောင် စသည်တို့၏ မှီရာဖြစ်သကဲ့သို့၎င်း အတူဖြစ်ဘက်
ရုပ်နာမ်တရားတို့ကိုမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၉) ဥပနိဿယပစ္စယော- အတူဖြစ်ဘက်ရုပ်နာမ်တို့ကို အားကြီးသောမှီရာအနေအားဖြင့်
ကျေးဇူးပြုခြင်း၊
(၁၀) ပုရေဇာတပစ္စယော- မှီရာခြောက်ပါးနှင့် အာရုံခြောက်ပါးတို့၏ အကျိုးတရားမဖြစ်မီ
ရှေးဦးစွာ ဖြစ်ပေါ်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၁) ပစ္ဆာဇာတပစ္စယော- လင်းတငှက်ငယ်တို့၏ အစာရနိုးမျှော်ကိုးရင်း အသက်ရှင်ရခြင်းကဲ့သို့
နောက်နောက်ဖြစ်ပေါ်သော စိတ်စေတသိက်တရားတို့၏
မျှော်လင့်ချက်ကင်းမဲ့နေသော ကိုယ်ကို ထောက်ပံ့
(မျှော်လင့်ချက်ပေး) သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၂) အာသေ၀နပစ္စယော- ကျမ်းစာကို အဖန်တလဲလဲ လေ့လာဆည့်ပူးရခြင်းကဲ့သို့ ကုသိုလ်/
အကုသိုလ်တရားများကို အဖန်တလဲလဲ အားကောင်းအောင်
ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၃) ကမ္မပစ္စယော- စေတနာ၏ အတူတကွဖြစ်ဖေါ်ဖြစ်ဘက်အကျိုး (၀ိပါက်)တရားများနှင့်
( ကမ္မဇ)ရုပ်တရားများကို လှုပ်ဆော်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၄) ၀ိပါကပစ္စယော- မိမိတို့ကိုယ်တိုင် လုံ့လမပြု ငြိမ်သက်မှုရှိသော အကျိုးဝိပါက်စိတ်
စေတသိက်တရားတို့၏ တကွဖြစ်ဘက် ရုပ်နာမ်တရားများကို
မိမိတို့နည်းတူ လုံ့လမပြုငြိမ်သက်စေသောအားဖြင့်ကျေးဇူးပြုခြင်း၊
(၁၅) အာဟာရပစ္စယော- အာဟာရလေးပါးတို့၏ ရုပ်နာမ်တရားများကို ထောက်ပံကူညီသော
အားဖြင့် ကျေးဇူးပြုခြင်း၊
(၁၆) ဣန္ဒြိယပစ္စယော- ထိုထိုကိစ္စတို့၌ အကျိုး (ပစ္စယုပ္ပန်) တရားတို့ကို မိမိအလိုသို့ လိုက်စေသော
အားဖြင့် ကျေးဇူးပြုခြင်း၊
(၁၇) ဈာနပစ္စယော- အာရုံကို ကြံစည်တတ်သော ၀ိတက် စသည်တို့၏ ဆိုင်ရာအာရုံကို ကပ်၍ရှု
မှတ်ခြင်း၊ လက္ခဏာကိုကပ်၍ ရှုကြည့်ခြင်းအားဖြင့် ကပ်ရောက်၍
ကျေးဇူးပြုခြင်း၊
(၁၈) မဂ္ဂပစ္စယော- သမ္မာဒိဋ္ဌိ (အမြင်မှန်မှု) စသည်တို့၏ သုဂတိ/ဒုဂ္ဂတိနှင့် ကောင်းမှု/
မကောင်းမှုတို့မှထွက်မြောက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၉) သမ္ပယုတ္တပစ္စယော-နာမ်တရားတို့၏ ပရမတ္ထ (အရှိသဘော) အားဖြင့် ကွဲပြားသော်လဲ
တစ်မျိုးတည်း၊ တစ်ခုတည်းကဲ့သို့ ဖြစ်ရလေအောင် အတူဖြစ်ခြင်းစ
သောယှဉ်ဘက်သဘော လက္ခဏာအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၀) ၀ိပ္ပယုတ္တပစ္စယော- မှီရာရုပ်တရားများနှင့် စိတ်စေတသိက်တို့၏ အချင်းချင်းဆက်စပ်ယှဉ်တွဲနေ
သော်လဲကွဲပြားစေလျှင် မရောနှောအောင်ပြုခြင်း၊ တစ်ခုစီ၊ တစ်မျိုးစီ
ဖြစ်စေခြင်းအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၁) အတ္ထိပစ္စယော- အတူဖြစ်ဘက်တရားများနှင့် ကြိုတင်ဖြစ်ပေါ်သောတရားများ၏ လက်ရှိ
ပစ္စုပ္ပန်အရှိသဘောဖြင့် ယင်းသို့သဘောရှိသောတရားများကို ထောက်ပံ့
ကူညီသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၂) နတ္ထိပစ္စယော- အခြားမဲ့၌ ချုပ်ပြီးချုပ်ပြီးကုန်သော စိတ်စေတသိက်တရားတို့၏ နောက်ထပ်
ဖြစ်ပေါ်မည့်စိတ်စေတသိက်တရားတို့ကို ဖြစ်ခွင့်ပေးခြင်း
(နေရာပေးခြင်း)အားဖြင့်ကျေးဇူးပြုခြင်း၊
(၂၃) ၀ိဂတပစ္စယော- မိမိတို့သဘောဘဘာဝနှင့် မကင်းသဖြင့် ဖြစ်ပေါ်ခွင့်မရသော စိတ်စေတ
သသိက်တို့ကို ဘောသဘာဝကင်းအောင်ပြုခြင်းဖြင့် ကျေးဇူးပြုခြင်း၊
(၂၄) အ၀ိဂတပစ္စယော-အတူဖြစ်ဘက်တရား၊ ကြိုတင်ဖြစ်ပေါ်သောတရားတည်းဟူသော အရှိတရား
တို့ကိုမချုပ်မပျောက်အောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်းသည်၊

အတ္ထိ-မုချမသွေ ရှိပါပေ၏၊ ဣတိ-ဤသို့၊ ဗောဓေနံ္တ-ကောင်းစွာထိုးထွင်း သိမြင်ခြင်းရှိတော်မူသော မြတ်စွာဘုရားကို၊ ၀န္ဒာမိ-သဒ္ဓါရိုကျိုး၊ လက်စုံမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။

၂၄ပဌာန်းပစ္စည်း ဆုတောင်း
ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

No comments:

Post a Comment