Tuesday 16 October 2012

ဆေးဖက်နွယ်ဝင် ကြိတ်မှန်ပင်


            နေကြာမျိုးရင်းတွင် ပါဝင်ပြီး ပဉ္စငါးပါးတွင် အသုံးဝင်ကာ အလေ့ကျပေါက်သော တစ်နှစ်ခံပင်ပျော့မျိုး ဖြစ်သည်။ အဖြူမျိုး၊ အဝါမျိုး အနက်မျိုးဟူ၍ သုံးမျိုးရှိပြီး အရသာ ခါးသက်သက်ရှိကာ ပူသည်။
            မြန်မာဆေးကျမ်းများတွင် လေနာ၊ သလိပ်နာတို့ကို နိုင်၏ ။ သွေးကို ဓါတ်ကြွစေသည်။ အနာတို့ကို နိုင်၏ ။ ဓါတ်ကိုပြောင်းစေ၊ အသက်ကိုရှည်စေ၊ ဆံပင်ကိုနက်စေသည်ဟု ဆို၏ ။
            မျက်စိရောင်ခြင်း၊ လိင်ဥရောင်ခြင်း၊ နှလုံးရောဂါ၊ ချောင်းဆိုး၊ သမင်ဖြူ၊ အရေပြားယားယံ၊ အနာစက်၊ ကာလသားရောဂါ၊ အဆိပ်နာတို့တွင် အသုံးပြုကြသည်။ ထို့ပြင် သားဖွားပြီးနောက် သားအိမ်ကိုက်ခဲခြင်း၊ စအိုကျွံနာ၊ ရေယုန်ကြီးနာ၊ မီးလောင်နာ၊ ဆံပင်ဖြူ၊ ဆံပင်ကျွတ်၊ မီးယပ်သွေးမဆင်းခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။
            ခါးကိုက်ခြင်း၊ မီးယပ်ထုံကျဉ်နာခြင်း၊ အရေပြားပျက်ခြင်း၊ အသည်းရောင်ခြင်း၊ သွေးဝမ်းရောဂါဖြစ်ခြင်း၊ အားတိုးစေခြင်းတို့ကို ပဉ္စငါးပါးအသုံးပြုရသည်။ အဖြူကွက် နှင့် ရေနွေးပူလောင်ခြင်း၊ မီးလောင်ထားသည့်အနာတို့ကို ကြိတ်မှန်၊ ပင်စိမ်းရွက် သတ္တုရည်ဖြင့် ရောစပ်ပြီး တစ်နေ့နှစ်ကြိမ်လိမ်းပေးရသည်။
            ရေယုန်ပေါက်လျှင် ကြိတ်မှန်ရွက် နှင့် နနွင်းရည် ရောစပ်ပြီး နေ့စဉ် တစ်ကြိမ် လိမ်းပေးရုံဖြင့် ပျောက်ကင်းစေသည်။ ကိုယ်ရေဝါရောဂါကို ကြိတ်မှန်ရွက်သတ္တုရည်နှင့် ငရုတ်ကောင်းမှုန့် ရောပြီး ဒိန်ချဉ်ရည် နှင့် ခုနစ်ရက်ဆက်သောက်ရသည်။ စအိုလျှောနာဖြစ်လျှင် ကြိတ်မှန်မြစ် နှင့် နနွင်းကို အမှုန့်ထောင်းပြီး အနာကို ညစဉ်လိမ်းပေးပါ။ မီးယပ်သွေးတိမ်ခြင်း၊ ငုပ်ခြင်းကို ထန်းလျက် နှင့် သုံးခွက် တစ်ခွက်တင်ကျိုသောက်ရသည်။ မွေးစကလေးများ နှာစေးချောင်းဆိုးဖြစ်လျှင် ပဉ္စငါးပါး သတ္တုရည်နှစ်စက်ဖြင့်၊ ပျားရည် အနည်းငယ် ရောတိုက်ရပါသည်။
            ထို့အပြင် ကြိတ်မှန်ရွက်အမှုန့်ကို နွားနို့ နှင့် တစ်လကြာအောင်သောက်လျှင် မျက်စိကြည်လင်ပြီး သွားကိုခိုင်စေသည်။
            သန်ပိုး၊ တုပ်ပိုးများ ကျစေလိုပါက သတ္တုရည်ကို စအိုဝ၌ သုံးလေးကြိမ် လူးပေးခြင်းဖြင့် သန်ပိုး၊ တုပ်ပိုးများ ကျစေသည်။
            အဆီကျိတ်ကို သတ္တုရည်ဖြင့် ညစဉ် လိမ်းပေးလျှင် အဆီကျိတ်ကို ပျောက်ကင်းစေသည်။ သွေးခန်းခြင်း၊ ဝမ်းမီးငုပ်ခြင်းများကို ကြိတ်မှန်ရွက်မှုန့်၊ ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့်သီး၊ သကြားတို့ဖြင့် ရောစပ်စားရသည်။
            အနာစက်များ၊ ယားနာများ၊ ဝဲ၊ နှင်းခူနာတို့ဖြင့်လျှင် ကြိတ်မှန်ရွက်ကို သတ္တုရည်ညှစ်ပြီး အရည်ပျစ်ပျစ် ပြုလုပ်ကာ လိမ်းပေးလျှင် ပျောက်စေသည်။
            သို့အတွက်ကြောင့် မြန်မာပြည်အနှံ့ အလေ့ကျ ပေါက်ရောက်ပြီး ဆေးဖက်ဝင် အသုံးတည့်၊ အကျိုးများလှသော ကြိတ်မှန်ပင်အကြောင်း တင်ပြလိုက်ရပေသည်။
            စောထွေးကိုကို(လားရှိုး)

2 comments:

  1. ဆေးဖတ်ဝင်တာတဲ့ နည်းလေးတွေ စုံနေတာပဲ မှတ်သားသွားတယ်မောင်လေးရေ.. ငယ်ငယ်က ရေးနွေးပူလောင်တဲ့ လက်ကို ကြိတ်မှန်ရွတ် အုံပေးတာ ကြိးလာတော့ အမာရွတ်တောင် မကျန်ခဲ့ဘူး... တစ်ကယ် အံ့သြဖို့ကောင်းတယ် ..မဟုတ်ရင် ခုဆို အလှပျက်နေလောက်ပြီ ...:P

    ReplyDelete
  2. ကျွန်တော်တို့အညာဘက်မှာ တော်တော်ပေါတယ် အစ်မရဲ့... တကယ်လည်းကောင်းတယ်လို့သိရတယ်... သတင်းစာထဲမှာပါတဲ့ ပို့စ်လေးကို အပင်ပန်းခံရိုက်ပြီးကူးပေးလိုက်တာ... တစ်ခြားဟာတွေက ကော်ပီများတယ်လေ... ဒါပေမယ့် ပို့စ်တစ်ခုတင်တိုင်းကိုယ်ပါဖတ်ဖြစ်လို့တော်တော်တော့ကိုယ့်အတွက်ကျန်တယ် အစ်မရဲ့... ဖတ်ဖြစ်တဲ့သူ အကျိုးရှိရင် ပိုကောင်းမယ်...

    ReplyDelete