(၃၀)သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
သင့်လျော်သောအခါ တရားဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ခါသော် အမတ်ကြီး ဘိုးရာဇာနှင့် အမတ်ကြီး သီဟပတေ့တို့သည်
သစ်ကညင်ဟူသော အရပ်တွင် တွေ့ဆုံ၍ စကားပြောဆိုဆွေးနွေးကြသည်။ ဘိုးရာဇာသည် အင်းဝဘုရင်
မင်းခေါင်၏ အမတ်ပညာရှိ ဖြစ်သည်။ သီဟပတေ့သည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ အမတ်ပညာရှိ ဖြစ်သည်။
အမတ်ပညာရှိ နှစ်ပါးတွေ့ဆုံ စကားဆိုကြသဖြင့် နှစ်ဖက်ပရိသတ်တို့
သွားရောက် နားထောင်ကြသည်။
နှစ်ပါးတွေ့ကြသော် အမတ်ကြီး သီဟပတေ့သည် ဘိုးရာဇာအောက် အသက်ငယ်သဖြင့်
နိမ့်သောနေရာတွင် ထိုင်သည်။
ဘိုးရာဇာကို မြင့်သောနေရာကို ပေးသည်။ ထိုအခါ ဘိုးရာဇာက
ဝင့်ကြွားခြင်းမပြု။ ‘‘ရှေးအခါက ကေဝဋ်ပုဏ္ဏားနှင့် မဟောသဓာတို့ စစ်ထိုးသောအခါနှင့် အလားတူ၏’’
ဟုဆို၏ ။ မဟောသဓာသည် အသက်ငယ်သဖြင့် အနိမ့်တွင်နေခဲ့သည်။ ဘိုးရာဇာက သီဟပတေ့အား ဘုရားလောင်း
မဟောသဓာနှင့် နှိုင်း၍ ဆိုသည်။ မိမိကိုယ်ကိုမူကား ကေဝဋ်ပုဏ္ဏားနှင့် နှိုင်း၍ နှိမ့်ချစွာ
ဆိုလေသည်။
ထိုအခါ သီဟပတေ့သည် ဘိုးရာဇာကို လေးစားကြည်ညိုသွားသည်။ ဘိုးရာဇာက
‘‘အမတ်ကြီး သီဟပတေ့၊ ငါတို့နှစ်ပါး ပြည်ထဲရေးကို ဆိုကြရာတွင် ပညာရှိတို့ကဲ့သို့ ဆိုမည်လော။
သို့မဟုတ် မှူးမတ်တို့ကဲ့သို ဆိုမည်လော’’ဟု မေး၏ ။
သီဟပတေ့က ‘‘အဘိုးရာဇာ၊ ထိုအကြောင်းကို ရှင်းပြပါ’’ ဟု ဆို၏
။
ဘိုးရာဇာက ‘‘ပညာရှိတို့ ဆိုခြင်းကား ဟုတ်မှန်လျှင်လည်း
ဟုတ်မှန်သည်ဟု အကြည်အသာဆို၏ ။ မဟုတ်မှန်လျှင်လည်း၊ မဟုတ်မမှန်ဟု အကြည်အသာ ဝန်ခံ၏ ။
မှူးမတ်တို့ ဆိုခြင်းကား အလိုနှင့်ညီသော် ဝမ်းမြောက်ဝမ်းသာရှိ၏ ။ အလိုနှင့်မညီသော်
စောင်းမာန်ခိုက်ရန် ဖြစ်၏ ။’’ ဟု ဆို၏ ။
သီဟပတေ့က ‘‘အဘိုးရာဇာ၊ ပညာရှိတို့ဆိုခြင်းကိုသာ ဆိုချင်ပါ၏’’
ဟူ၍ ဖြေလိုက်သည်။
ဤသို့ဆိုပြီးလျှင် ပညာရှိနှစ်ပါးတို့သည် ချစ်ကြည်လေးမြတ်ဖွယ်ရာ
စကားတို့ကိုသာ ဆိုကြ၏ ။ ထို့နောက် သီဟပတေ့သည် ကြံဖြူကို လက်နှင့်ယူ၍ ကွမ်းချပ်တွင်ထည့်ကာ
ဘိုးရာဇာအား ဆပ်ကပ်၏ ။ ဘိုးရာဇာလည်း ကြံဖြူကို ယူ၍ နီတိကျမ်း အလိုအရ အဖျားမှ စ၍ အရင်းအထိ
တရွေ့ရွေ့ အရသာခံကာ သုံးဆောင်၏ ။
ဤတွင် သီဟပတေ့က ‘‘အဘိုးရာဇာ၊ အတုမရှိသော ပညာရှိ ဖြစ်ပါလျက်
အဘယ်ကြောင့် ကြံကို အဖျားကစ၍ စားဘိသနည်း’’ ဟု မေး၏ ။
ဘိုးရာဇာက ‘‘အမတ်ကြီး သီဟပတေ့၊ ငါသည် နီတိကျမ်းကို မှီ၍
အရသာကို တရွေ့ရွေ့ တိုး၍ ခံကာ စားသုံးသည်’’ ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ သီဟပတေ့က ‘‘အဘိုးရာဇာ၊ ဘုရားတရားတော်တွင် ကွေးသောလက်
မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် ခန္ဓာတရားသည် အနိစ္စဖြစ်သည် ဟုဆိုပါသည်။ အဘယ်ကြောင့် ကြံကို
အဖျားကစ၍ အရသာခံကာ စားပါသနည်း။ အရသာကောင်းတည်ရာ ကြံအရင်းသို့ မရောက်မှီ အနိစ္စ ဖြစ်ပါမူ
အရသာကောင်းကို မမှီဝဲရ ရှိတော့မည် မဟုတ်ပါလော’’ ဟု ဆို၏။
ထိုအခါ ဘိုးရာဇာက စကားနိုင် မဆို၊ ‘‘အမတ်ကြီး၊ ငါသည် လူတို့
သုံးစွဲရိုး နီတိကျမ်းကို လိုက်၍ စားသည်။ သင်သော်ကား ဘုရားတရားတော်ကို လိုက်၍ ဆိုသည်။
ငါ့စကားထက် သင့်စကားက သင့်လှပေသည်’’ ဟူ၍ ချီးကျူးပြောဆိုလိုက်သည်။
အမတ်ကြီး သီဟပတေ့လည်း ‘‘သြော်၊ ငါကား အတုမရှိ ပညာရှိ သူတော်ကောင်းကို
တွေ့ရပေသည်တကား’’ ဟု နှစ်လို ဝမ်းမြောက်စွာ ဆို၏ ။ မိမိစားသော ရွှေကွမ်းအုပ်ကို ကွမ်းနှင့်တကွ
အဘိုးရာဇာကို ပေးအပ်ပူဇော်၍ ဦးခိုက်၏ ။
‘‘အဘိုးရာဇာ၊ ပညာရှိအများပင် မိမိဆိုသော စကားသာ မှန်သည်ဟု
ဆိုလေ့ရှိသည်။ သူ့စကားကို ပယ်လေ့ရှိသည်။ အရှုံးခံသောသူကား နည်းလှသည်။ အဘိုးရာဇာကား ပညာရှိရုံသာမက
သူတော်ကောင်းလည်းပီသလှသည်။ အဘိုးရာဇာနှင့် တူသော သူကို အလွန်တွေ့ရခဲလှပေသည်’’ ဟုဆိုလိုက်သည်။
ဤသို့လျင် ပညာရှိနှစ်ပါးသည် ပညာရှိသူတော်ကောင်းထုံးကို
နှလုံးမူကာ ချစ်ကြည်စွာ ပြောဆို ဆွေးနွေးရာ ပရိသတ်တို့ ဝမ်းသာ ကြည်နူးမဆုံး ရှိကြလေသည်။
( မင်းယုဝေ)
( မင်းယုဝေ)
No comments:
Post a Comment