( ၂၂ ) ရိုသေထိုက်သူကို ရိုသေခြင်း
ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတစ်ပါး
ဖြစ်သည်။တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
တစ်ရံရောအခါ ဟိမ၀န္တာတောရှိ ညောင်ပင်ကြီးတစ်ပင်ကို အမှီပြုလျက်
ခါ-မျောက်နှင့်-ဆင်တို့ နေထိုင်ကြသည်။ သူတို့သည် အဆွေခင်ပွန်းများ ဖြစ်ကြသည်။ သို့ရာတွင်
တစ်ဦးကိုတစ်ဦး ရိုသေခြင်း မရှိကြပေ။ တစ်နေ့သ၌ အဆွေခင်ပွန်း ၃-ဦးသည် ဆွေးနွေးတိုင်ပင်ကြ၏။
ယခု ငါတို့ ၃-ဦး ဆက်ဆံနေထိုင်ပုံမှာ မသင့်။ တစ်ဦးကိုတစ်ဦး ရိုသေခြင်းမရှိ၊ အဆုံးအမပြုခြင်းမရှိ၊
အသက်ကြီးသူကို ရိုသေလျက် ထိုသူ၏အဆုံးအမကို ခံယူနေထိုင်ကြလျှင် မသင့်ပါလော-ဟူ၍ အကြံအစည်
ဖြစ်ကြသည်။ နောက်ဆုံးတွင် ထိုအကြံအစည်အတိုင်း ပြုမူနေထိုင်ရန် အသက်ကြီးသူကို စိစစ်ကြသည်။
ငါတို့ ၃-ဦးမှာ ဤညောင်ပင်ကြီးကို အမှီပြု၍ နေကြရသည်။ ဤညောင်ပင်ကိုပင်
အမှတ်အသားပြုကြမည်-ဟူ၍ သဘောတူ ဆုံးဖြတ်ကြသည်။
ခါနှင့်မျောက်တို့က ဆင်အား-အဆွေ ဆင်၊ ဤညောင်ပင်ကြီးကို
ဘယ်အခါမှစ၍ သင်သိပါသနည်း-ဟုမေးကြ၏။
ဆင်က အဆွေတို့-ငါ ဆင်ငယ်ကလေးဘ၀၌ ရှိစဉ် ဤညောင်ပင်ကို ကျော်လွှား၍
သွားခဲ့သည်။ ညောင်ပင်ထိပ်ဖျားသည် ငါ့ချက်အထိသာ ရောက်သည်-ဟူ၍ ဖြေကြားသည်။
တဖန် ဆင်နှင့် ခါတို့က မျောက်အား-အဆွေ မျောက်၊ ဤညောင်ပင်ကို
ဘယ်အခါမှစ၍ သိသနည်း-ဟုမေးကြပြန်၏။
မျောက်က-အဆွေတို့၊ ငါ မျောက်ငယ်ကလေးဘ၀၌ ရှိစဉ် မြေကြီး၌ထိုင်လျက်
ညောင်ပင်၏ အညွန့်အဖျား တို့ကို စားရသည်။ ဤမျှလောက် ငယ်ရွယ်စဉ် အချိန်မှစ၍ သိပါသည်-ဟု
ဆို၏။
တဖန် ခါအား မေးကြပြန်သော် ခါက-အဆွေတို့၊ ယခင်အခါက ဤအရပ်၌
ညောင်ပင်မရှိသေး၊ အခြား တပါးသောအရပ်မှ ညောင်ပင်၏အသီးကို ငါစား၍ ဤအရပ်၌ မစင်စွန့်ခဲ့သည်။
ထိုမစင်မှ ဤညောင်ပင် ပေါက်လာပါသည်-ဟူ၍ ပြောပြ၏။
ဤတွင် ဆင်နှင့်မျောက်တို့က အဆွေ ခါ၊ သင်သည် ငါတို့ ၂-ဦးထက်
အသက်ကြီးသည်။ အတွေ့အကြုံများသည်။ ထို့ကြောင့် ငါတို့ထက်ပို၍ ဉာဏ်ပညာရှိပါသည်။ ငါတို့
ရိုသေထိုက်ပါသည်။ ယနေ့မှစ၍ သင့်အား ငါတို့ ရိုသေခြင်း၊ ဆည်းကပ်ခြင်း၊ ၀တ်ကြီးဝတ်ငယ်ပြုခြင်း
အစရှိသည်တို့ ပြုပါမည်။ ငါတို့ကိုလည်း ဆုံးမပါ။ သြ၀ါဒပေးပါ။ ငါတို့ ကောင်းစွာခံယူပါမည်-ဟူ၍
ပြောဆိုတောင်းပန်ကြ၏။
ခါလည်း အဆွေခင်ပွန်းနှစ်ဦး၏စကားကို လက်ခံကာ လိုက်နာကျင့်သုံးသည်။
အဆွေခင်ပွန်းနှစ်ဦးအား အဆုံးအမသြ၀ါဒ ပေးရုံမက သီလကိုလည်း ဆောက်တည်စေသည်။ မိမိကိုယ်တိုင်လည်း
စံပြနေထိုင်ကာ သီလကို ဆောက်တည်၏။
ဤသို့လျှင် အဆွေခင်ပွန်း ၃-ဦးသည် ညီညွတ်စွာ နေထိုင်သွားကြသည်။
ဘေးရန်လည်း ကင်း၍ ပေါင်းသင်းဆက်ဆံရာတွင်လည်း အဆင်ပြေကြလေသည်။ သူတို့သုံးဦးသည် သက်တမ်းစေ့
နေထိုင်သွားကြကာ သေသောအခါ ကောင်းရာသုဂတိသို့ လားကြလေသည်။
ကျမ်းကိုး။ ။ ၅၅၀-တိတ္တိရဇာတ်
( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု မေလ )
ကျေးဇူးတင်ပါတယ် သေချာဖတ်သွားဖတ်သွားပါတယ်..
ReplyDeleteရိုသေထိုက်သူကိုရိုသေခြင်းသည်မြတ်သောမင်္ဂလာတည်း...
ReplyDelete