(၃၂)မြတ်သောအကျင့်ကို ကျင့်ခြင်း
မြတ်သောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ
ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ရံသောအခါက မဂဓတိုင်း မဟာတိဝ္ထယ ပုဏ္ဏားရွာ၌ ကဿပအနွယ်ဝင်
သူဌေးလင်မလား ရှိ၏။ သူတို့တွင် ပိပ္ပလိအမည်ရှိ သားတစ်ယောက် ထွန်းကားသည်။ ထိုသားသည် ရုပ်ရည်
ချောမောလှပတင့်တယ်သည်။ အသက် ၂၀ အရွယ် ရောက်သောအခါ မိဘတို့က သားကို အိမ်ထောင်ချထားပေးမည်
ပြု၏။
ထိုအခါ ပိပ္ပလိလုလင်က ငြင်းဆန်သည်။ “ကျွန်ုပ်သည် အိမ်ရာထောင်မှု
မပြုလိုပါ။ မိဘတို့ အသက်ရှင်သရွေ့ လုပ်ကျွေးပြုစုပါမည်။ မိဘတို့ လွန်သောအခါ ရသေ့ရဟန်း
ပြုလိုပါသည်” ဟု ဆို၏။
မိဘတို့က သား၏
ဆန္ဒကို မနှစ်သက်။ အိမ်ထောင်ပြုရန်သာ အကြိမ်ကြိမ် တိုက်တွန်း၏။ ထိုအခါ ပိပ္ပလိလုလင်သည်
မိဘတို့ ထပ်မံတိုက်တွန်းခြင်း မပြုနိုင်ရန် ကြံစည်သည်။ သူသည် ရွှေစင်ဖြင့် အလွန်လှပချောမွေ့သော
မိန်းမရုပ်ကို သွန်းလုပ်၏။ အဝတ်တန်ဆာတို့ကို ဆင်ယင်ပေး၏။
ထို့နောက် ထိုရုပ်တုကို မိဘတို့အား ပြ၏။ “မိခင် ဖခင်တို့၊
ဤရွှေရုပ်၏ အသွင်အပြင်နှင့် တူသော မိန်းမကို ရလျှင် သားမောင် အိမ်ထောင်ပြုပါတော့မည်”
ဟု ဆိုလိုက်၏။
မိဘတို့ကလည်း “ဤရွှေရုပ်ကဲ့သို့ လှသော မိန်းမမျိုးကို မရပဲ
မရှိနိုင်။ ရှာလျှင် တွေ့နိုင်သည်” ဟု ဆိုကာ ပုဏ္ဏားရှစ်ယောက်ကို ရှာဖွေစေသည်။ ပုဏ္ဏားတို့လည်း
ရွှေရုပ်ကို ရထားထက်၌ တင်၍ လက်ဆောင်ပဏ္ဏာများ ဆောင်ယူကာ အမြို့ မြို့ ၊ အပြည်ပြည်သို့လှည့်လည်
ရှာဖွေကြသည်။
မဒ္ဒတိုင်း သာဂလမြို့ သို့
ရောက်သောအခါ ရွှေရုပ်နှင့်တူသော မိန်းမပျိုကို အံ့သြဖွယ် တွေ့ရှိကြသည်။ ထိုသမီးပျိုသည်
ကောသိယ အနွယ်ဖြစ်သော သူဌေးပုဏ္ဏား၏သမီး ဘဒ္ဒါကာပိလာနီ ဖြစ်သည်။ ရွှေရုပ်နှင့် တူရုံမျှမက
ရွှေရုပ်ထက်ပင် ကဲလွန်၍ လှပတင့်တယ်သည်။ အသားအရေ ဝင်းပစိုပြည်သည်။ မိန်းမမြတ် အသွင်ကိုဆောင်သည်။
ပုဏ္ဏားတို့လည်း မိန်းမပျို၏
မိဘတို့ထံ လက်ဆောင်ပဏ္ဏာနှင့်တကွ ရွှေရုပ်ကို အပ်နှင်းသည်။ အကြောင်းစုံ ပြောပြ၍ သတို့သမီးကို
တောင်းခံသည်။ မိဘတို့ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည်။ ထိုအကြောင်းကို ပိပ္ပလိလုလင်
ကြားသိရသောအခါ ရွှေပေဖြင့် သဝဏ်လွှာရေး၍ ဘဒ္ဒါကာပိလာနီထံ ပို့၏။
သဝဏ်လွှာ၌ “နှမ ကာပိလာနီ၊
သင်နှင့်မျိုးနွယ်တူ၊ ဂုဏ်ရည်တူ အခြားယောင်္ကျားတစ်ဦးဦးနှင့်သာ ထိမ်းမြားပါ။ ငါသည်
အိမ်ရာထောင်ခြင်းကို အလိုမရှိ။ မိဘနှစ်ပါးတို့ အနိုင်အထက် ထိမ်းမြားပေးစားသော်လည်း
ငါထွက်ခွါ၍ ရဟန်းပြုအံ့။ ထိုအခါ အသင် စိတ်နှလုံး မသာမယာ ရှိတော့မည်” ဟု ပါရှိ၏။
အလားတူပင် ဘဒ္ဒါကာပိလာနီကလည်း
လက်ထပ်ထိမ်းမြားခြင်း မပြုလိုကြောင်း ပိပ္ပလိထံ သဝဏ်လွှာ ပေးပို့၏။ စာသဝဏ်ကို ဆောင်ယူသူ
လုလင်တို့သည် လမ်းတွင်ဆုံဖြစ်ကြပြီး နှစ်ဦးသဘောတူ စာသဝဏ်များကို ဖွင့်ဖတ်ကြသည်။ သူတို့သည်
မောင်နှံနှစ်ဦး ဖူးစာဆုံစေလိုသဖြင့် “ချစ်ခင်လိုကြောင်း” ဟု ပြင်၍ ရေးကာ ပေးပို့လိုက်ကြသည်။
ဤသို့ဖြင့် မောင်နှံနှစ်ဦး အလိုမတူပဲ လက်ထပ်ထိမ်းမြား ဖြစ်သွား၏။ ထုံးစံအတိုင်းပင်
ဘဒ္ဒါကာပိလာနီသည် ပိပ္ပလိလုလင်ထံ လိုက်၍ နေရ၏။
သူတို့နှစ်ဦးသည် အကြင်လင်မယား
ဘဝသို့ ရောက်ရသော်လည်း လင်မယားကဲ့သို့ မနေထိုင်။ ဖြူစင် သန့်ရှင်းစွာဖြင့် မြတ်သောအကျင့်ကို
ကျင့်၍ မောင်နှမရင်းချာ ကဲ့သို့သာ နေထိုင်ကြ၏။ အိပ်စက်ရာတွင်လည်း ပန်းကုံးခြား၍ အိပ်ကြ၏။
ကိုယ်၊လက်ချင်းပင် အချင်းချင်း မထိကြပေ။
ဤသို့ နေလာကြရာမှ ကာလကြာသောအခါ
မိဘတို့ ကွယ်လွန်သွားကြ၏။ ဤတွင် မိဘများထံမှ အမွေအနှစ် မြောက်များစွာ ရရှိကြ၏။ သို့ရာတွင်
နှစ်ဦးစလုံးပင် ဥစ္စာတို့ကို အလိုမရှိကြ။ သဘောတူ တိုင်ပင်၍ ဥစ္စာအားလုံးကို လှူဒါန်း၊
စွန့်ကျဲ၊ ပေးကမ်းလိုက်ကြသည်။ ထို့နောက် ဖန်ရည်စွန်းသော အဝတ်ကိုယ်စီဝတ်၍ ဆံပင်ကိုဖြတ်တောက်ကြကာ
ရွာမှ ထွက်လာခဲ့ကြသည်။ လမ်းခွဲတစ်ခုသို့ ရောက်သောအခါ “ဤနေရာမှ ခွဲခွါကြမှ သင့်မည်”
ဟု တိုင်ပင်ကာ တစ်ယောက်တစ်လမ်း ခွဲခွါသွားကြလေသည်။ နောက်ဆုံးတွင် ပိပ္ပလိလုလင်သည် ဘုရားရှင်ထံတော်မှောက်သို့
ရောက်၍ ရဟန်းပြုသည်။ ရဟန်းတရားကို ကြိုးစားအားထုတ်လေရာ ခုနစ်ရက်လွန်၍ ရှစ်ရက်မြောက်သောနေ့တွင်
ရဟန္တာဖြစ်သွားလေသည်။ “အရှင်မဟာ ကဿပ” မထေရ် ဟူသော ဘွဲ့တော်ဖြင့်ထင်ရှားသည်။
ဘဒ္ဒါကာပိလာနီသည်လည်း နောက်ဆုံးတွင်
ဘိက္ခုနီမ ပြုခွင့်ရကာ တရားကို ကြိုးစားအားထုတ်ပြီး ရဟန္တာမ ဖြစ်သွားလေသည်။ “ဘဒ္ဒါကာပိလာနီထေရီ”
ဟူသော ဘွဲ့တော်ဖြင့် ထင်ရှားလာလေသည်။ ။
(မင်းယုဝေ)
No comments:
Post a Comment