(၃၃)မြတ်စွာဘုရား ဟောကြားတော်မူသော သစ္စာလေးပါး တရားတို့ကို
သိမြင်ခြင်း
မြတ်စွာဘုရား ဟောကြားတော်မူသော သစ္စာလေးပါး တရားတို့ကို
သိမြင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ သာဝတ္တိပြည်တွင် သူဌေးသမီး တစ်ဦးရှိသည်။ အရွယ်ရောက်သောအခါ
မိဘများ ဆင်းရဲသွားသဖြင့် နွမ်းပါးသော ဘဝသို့ ရောက်ရှိသွားရရှာသည်။ သူ့အမည်မှာ “ကိသာဂေါတမီ”
ဟုမည်၏။
ထိုအချိန်တွင် သာဝတ္ထိပြည်ရှိ သူဌေးကြီး တစ်ဦးသည်လည်း သူ၏
ပိုင်ဆိုင်သော ရွှေများအားလုံး မီးသွေးဖြစ်ကာ ဆင်းရဲသွားရှာသည်။ ထိုအခါ မိတ်ဆွေတစ်ဦးက
“စိတ်မပျက်ပါနှင့်၊ ဘုန်းကံရှိသူ နှင့် တွေ့လျှင် သင်၏ မီးသွေးများကို လက်နှင့် ထိရုံဖြင့်
ရွှေများ ပြန်ဖြစ်သွားနိုင်ပါသည်” ဟု အားပေးစကား ပြောဆို၏။ သူဌေးကြီးလည်း ထိုသူ၏စကားကို
ယုံကြည်ကာ မီးသွေးများကို ဈေးတွင် ဆိုင်ခင်း၍ ရောင်းချ၏။
တစ်နေ့တွင် ကိသာဂေါတမီ သည် ဈေးသို့ သွားသည်။ သူဌေးဟောင်းဆိုင်မှ
မီးသွေးများကို ကြည့်ကာ - “ဤရွှေများ ကုန်အောင် ဘယ်သူ ဝယ်နိုင်ပါမည်နည်း” ဟုဆိုင်ရှင်သူဌေးဟောင်းအား
မေးမြန်း၏။
ထိုအခါ သူဌေးဟောင်းသည် “ဘုန်းကံရှိသူကို တွေ့ရပြီ” ဟု ဝမ်းမြောက်ဝမ်းသာ
ဖြစ်ကာ ကိသာဂေါတမီ၏ နေရပ်ကို မေးမြန်း၍ မိမိသားကြီးနှင့် ထိမ်းမြားရန် စီစဉ်သည်။ သို့ဖြင့်
ကိသာဂေါတမီသည် သူဌေးသားနှင့် လက်ထပ်ရလေသည်။ ကိသာဂေါတမီ၏ လက်နှင့်ထိသော မီးသွေးများ
အားလုံးသည်လည်း ရွှေစင်အတိသို့ ပြန်၍ ရောက်သွားလေသည်။
ကိသာဂေါတမီသည် ယောက္ခမ သူဌေးကြီးအိမ်မှာပင် နေထိုင်သည်။
ယောက္ခမ သူဌေးကတော်ကြီးမှာ စိတ်ထားမကောင်း၊ ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ ထိုအခါ ကိသာဂေါတမီမှာ
စိတ်မချမ်းမသာ ဖြစ်ရသည်။ ဤသို့ နေလာရာမှ ကာလအတန်ကြာသော် သားတစ်ယောက် ဖွားမြင်သည်။ ကံဆိုးရှာသဖြင့်
သားကလေး သုံး၊လေးနှစ် အရွယ်တွင် ထိုသားလေးမှာ ကွယ်လွန်သွားရှာသည်။
ကိသာဂေါတမီမှာ ရူးမတတ် သောကရောက်ရရှာသည်။ သားသေကို ရင်ခွင်၌
ပိုက်လျက် “အသက်ကိုရှင်အောင် ကုစားပေးပါ” ဟူ၍ လူတကာကို လိုက်လံတောင်းပန်၏။ တွေ့သမျှ
လူများကို ငိုယိုပန်ကြား၏။ လူအများကလည်း “ကိသာဂေါတမီ၊ သင်ကား ရူးလေပြီ” ဟု ဆိုကြ၏။
ကြင်နာသော ပညာရှိတစ်ယောက်ကမူ “ချစ်သမီး၊ ငါကား သင့်သား ပြန်ရှင်လာအောင် ကုသနိုင်သော
ဆေးကို မသိပါ။ သို့ရာတွင် ဂေါတမ ဘုရားရှင်ကား ဤဆေးကို သိတော်မူပါသည်။ ဘုရားရှင်ထံ သွားပါလော့”
ဟု လမ်းညွှန်လိုက်လေသည်။
ကိသာဂေါတမီသည် အလျင်အမြန်ပင် ဘုရားရှင်ထံ သွားရောက်သည်။
သားအသက် ပြန်ရှင်နိုင်မည့် ဆေးကိုတောင်းသည်။ ဘုရားရှင်က “ကိသာဂေါတမီ၊ သင့်သားအတွက်
ဆေးဖော်စပ်ရန် လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့ တစ်ဆုပ်မျှ တောင်းခဲ့လော့” ဟု ဥာဏ်တော်ဖြင့်
ဆင်ခြင်ကာ မိန့်တော်မူလိုက်သည်။
ကိသာဂေါတမီသည် လူမသေဖူးသော အိမ်ကို သာဝတ္ထိမြို့ တော်အနှံ့
လိုက်ရှာသည်။ တစ်အိမ်ကား အဖေသေဖူးသည်။ တစ်အိမ်ကား အမိသေဖူးသည်။ တစ်အိမ်ကား သားသေဖူးသည်။
တအိမ်ကား သမီးသေဖူးသည်။ ဤသို့လျှင် ဘကြီး၊ ဦးလေး၊ မိကြီး၊ ဒွေးလေး စသဖြင့် လူသေဖူးသော
အိမ်ချည်းသာ ဖြစ်ကြသည်။ လူမသေဖူးသော အိမ်ဟူ၍ မရှိ။ ရှာဖွေ၍ မရ။
ဤတွင်မှ ကိသာဂေါတမီသည် “သေခြင်းတရားသည် လူတိုင်းနှင့် မကင်းနိုင်ကြောင်း”
သဘောပေါက်သွားသည်။ သားသေကို တောတွင် စွန့်ပစ်ခဲ့၍ ဘုရားရှင်ထံ ပြန်လာသည်။ ဤတွင် ဘုရားရှင်က
“ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူ၊ ရွာသားအပေါင်းကို တိုက်ယူ၍ သွားသကဲ့သို့၊
ထို့အတူ သေမင်းသည်လည်း လွန်စွာမေ့လျော့၍ ကပ်ငြိစိတ်ရှိသော သတ္တဝါတို့ကို ခေါ်ဆောင်၍ သွားလေ၏”
ဟူသော တရားဒေသနာကို ဟောကြားတော်မူ၏။ ထိုတရားအဆုံး၌ ကိသာဂေါတမီသည် စိတ်အေးငြိမ်းသွားသည်။
သောတာပန်ဖြစ်၍ ရဟန်းမ ပြုလေသည်။
တစ်နေ့တစ်၌ ကိသာဂေါတမီသည် ဆီမီးတောက်ကို ကြည့်ရှုရင်း ကုန်ခမ်းပျက်စီးတတ်သော
သဘောကို နှလုံးသွင်းလျက် ဝိပဿနာတရား ပွားများရာမှ သစ္စာတရားကို သိမြင်ကာ ရဟန္တာမ ဖြစ်သွားလေသည်။
ထိုသို့ ရဟန္တာမဖြစ်ရာတွင် ကောင်းမွန်သော သင်္ကန်းကို မတပ်မက်၊ ပံ့သကူ သင်္ကန်းကိုသာ ခြိုးခြံ၍
ဝတ်ဆင်သည်။ ထို့ကြောင့် မြတ်စွာဘုရားက ကိသာဂေါတမီအား “ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော
ရဟန်းမတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံးဖြစ်သည်” ဟု ချီးကျူးတော်မူကာ “လူခ စီဝရ ဓာရဏ”
ဧတဒဂ် ဘွဲ့ထူးကို နှင်းအပ်ပေးခဲ့လေသည်။ ။
(မင်းယုဝေ)
No comments:
Post a Comment