Thursday 27 September 2012

သရဏဂုံပျက်ခြင်း နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း

သရဏဂုံပျက်ခြင်း နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း
သရဏဂုံအကြောင်းလေး သိသင့်တယ်ထင်လို ဆွေးနွေးတဲ့သဘောလေးနဲ့ ရေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဓိကအနှစ်သာရ.. အဓိကအသက်ဟာ သရဏဂုံပါပဲ။ အခြားဘာသာတွေမှာ သူတို့ဘာသာထဲဝင်ရင် အခမ်းအနားတွေဘာတွေ လုပ်ပြီးမှ သူတို့ဘာသာထဲဝင်ရပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ အဲ့ဒါကတော့ အခမ်းအနားတွေနဲ့တော့ မဟုတ်ပါဘူး.. သရဏဂုံသုံးပါးကို ပါးစပ်ကနေရွတ်ပြီး စိတ်ကဦးညွတ်လိုက်တာပါပဲ။ အဲ့လိုစိတ်ညွတ်လိုက်ပြီးပြီ ဆိုရင်တော့ အဲ့လူဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။

လူတစ်ယောက် တစ်ခြားဘာသာကနေ ဗုဒ္ဓဘာသာပြောင်းတယ်ဆိုတာ သူ့ကို သရဏဂုံ တင်ပေးလိုက်တဲ့ သဘောလေးပါပဲ။ သရဏဂုံဆိုတာ သေမှတင်ရတဲ့အရာတော့ မဟုတ်ပါဘူး။ သရဏဂုံတင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ သရဏ - ဘေးအန္တရာယ်တို့ကို ကာကွယ်တားဆီးတတ်ခြင်း ဂမ္မဏ - တားဆီးတတ်ပါလားလို့သိတဲ့စိတ်၊ ကိုးကွယ်ယုံကြည်ရမယ်လို့သိတဲ့စိတ် တင် - စိတ်ကလေးက ရတနာ(၃)ပါးဟု ဆိုအပ်သော ဘုရား၊ တရား၊ သံဃာ အပေါ်ကို ရောက်သွားတာ ကိုခေါ်ပါတယ်။ ဒါကတော့ သရဏဂုံတင်ပေးတဲ့ အကြောင်းလေးပါ။

ကျနော်တို့ဗုဒ္ဓဘာသာမှာ သရဏဂုံတင်ပြီးတိုင်း မိရိုးဖလာအရဆိုရင်တော့ ဗုဒ္ဓဘာသာလို့ ပြောလို့ရပေမယ့် တကယ့်ဗုဒ္ဓဘာသာဝင် စစ်စစ်လို့တော့ ပြောလို့မရသေးပါဘူး။ တကယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက် စစ်စစ်ဟုတ်မဟုတ်ကို ဘာနဲ့သတ်မှတ်လဲဆိုတော့ အချက်ငါးချက်နဲ့ သတ်မှတ်ပါတယ်။ အဲ့ဒါတွေကတော့ (၁) ဘုရား (၂) တရား (၃) သံဃာ (၄) ကံ (၅) ကံ၏အကျိုး တို့အပေါ်တွင် အသက်နဲ့ထပ်တူယုံကြည်မှ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်လို့ ပြောလို့ရပါတယ်။ ဒီအထဲက တစ်ခုခု ချို့ယွင်းနေရင်တော့ မှတ်ပုံတင်ထဲမှာရေးထားတဲ့ ဗုဒ္ဓဘာသာတစ်ယောက်ပဲ ဖြစ်သွားမှာပါ။ သရဏဂုံသုံးပါးကို နှုတ်ကနေဆိုလိုက်တဲ့ ရည်ရွယ်ချက်ကိုက ဘုရားတရားသံဃာကို အသက်နဲ့ထပ်တူ ယုံကြည်ကိုးကွယ် ဆည်းကပ်သိမှတ်ပါ၏ဆိုတဲ့ အဓိပ္ပါယ်လေးပဲဖြစ်ပါတယ်။ ခုကျနော်ပြောချင်တဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ သရဏဂုံ ပျက်မှန်းမသိပျက်နေတဲ့ အကြောင်းအရင်း လေးပဲဖြစ်ပါတယ်။

သရဏဂုံပျက်ခြင်းမှာ အပြစ်မရှိသော သရဏဂုံပျက်ခြင်းနှင့် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ အပြစ်မရှိသော သရဏဂုံပျက်ခြင်းကတော့ ပုထုဇဉ် ဗုဒ္ဓဘာသာတစ်ယောက် သေရင် သရဏဂုံ ပျက်ပါတယ်။ အဲဒါကတော့ မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်လွှဲလို့မရတဲ့ သရဏဂုံပျက်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ အကုသိုလ်တော့ မဖြစ်နိုင်ပါဘူး။ သရဏဂုံမပျက်ဆီးပဲ သေဆုံးတဲ့ ပုဂ္ဂိုလ်တွေတော့ရှိပါတယ်။ သူတို့တွေကတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိထားတဲ့ အရိယာသူတော်စင်တွေပဲ ဖြစ်ပါတယ်။ အရိယာတွေသေဆုံးရင်တော့ ယခုဘ၀ကတည်းကတည်ခဲ့တဲ့ သရဏဂုံဟာ ပရိနိဗ္ဗာန်မစံဝင်သေးမှီ အချိန်အထိ ဘယ်တော့မှ မပျက်ဆီးတော့ပါဘူး။ ဒါ့ကြောင့် ဘ၀အဆက်ဆက် သရဏဂုံ မပျက်ဆီးစေချင်ရင် သံသရာတစ်လျှောက် သရဏဂုံပါသွားစေချင်ရင် ၀ိပဿနာတရားကို အရိယာသူတော်စင် ဖြစ်တဲ့အထိ နာကြားအားထုတ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး သရဏဂုံမပျက်ဖို့ အချိန်ရတိုင်း သရဏဂုံလေး ပွားထားတာ အကောင်းဆုံးပေါ့။ သရဏဂုံသုံးပါးကို အနက်အဓိပ္ပါယ်လေးနဲ့ ဖော်ပြပေးပါ့မယ်..

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-
ဗုဒ္ဓံ-မြတ်စွာဘုရားကို သရဏံ-ကိုးကွယ်ရာအစစ်ဟူ၍ ဂစ္ဆာမိ-အသက်နဲ့ထပ်တူ ကိုးကွယ်ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ-
ဓမ္မံ -တရားတော်မြတ်ကို သရဏံ-ကိုးကွယ်ရာအစစ်ဟူ၍ ဂစ္ဆာမိ-အသက်နဲ့ထပ်တူကိုးကွယ်ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ-
သံဃံ -သံဃာတော်မြတ်ကို သရဏံ-ကိုးကွယ်ရာအစစ်ဟူ၍ ဂစ္ဆာမိ-အသက်နဲ့ထပ်တူကိုးကွယ်ဆည်းကပ်ပါ၏။

နောက်တစ်ခုကတော့ အပြစ်ရှိသောသရဏဂုံ ပျက်ခြင်းပါပဲ။ ဒီအချက်ကတော့ အလွန်အရေးကြီးပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာတွေ ပျက်မှန်းမသိ ပျက်နေကြတာတွေ များလို့ပါ။ ဒါကတော့ ဘုရား၊ တရား၊ သံဃာမှတစ်ပါး အခြားသော အတွင်းအပြင်(၃၇)မင်းတွေ.. ဘိုးတော်၊ မယ်တော်၊ ကိုကြီးကျော်၊ မနှဲလေး၊ သူရသတီ၊ နတ်စိမ်းစတဲ့ မကိုးကွယ်သင့်စရာတွေကို ကိုးကွယ်လိုက်ပြီဆိုတာနဲ့ သရဏဂုံ ပျက်တော့တာပါပဲ။ အဲ့ဒါတွေရဲ့ရှေ့မှာ ကျုံကျုံလေးထိုင်ပြီးတော့ အရှင်တို့အား ကျွနုပ်တို့၏ အသက်နဲ့ခန္ဓာကိုယ် အပ်နှင်းပြီးတော့ ကိုးကွယ်ပါတယ်လို့ပြောပြီး ကန်တော့လိုက်ရင်တော့ သရဏဂုံ ပျက်တော့တာပါပဲ။ ဘာသရဏဂုံမှလည်း မတည်တော့ပါဘူး။ ဗုဒ္ဓဘာသာလို့ကို ပြောလို့ မရတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ အသက်ဟာ သရဏဂုံဖြစ်နေလို့ပါ။ အပြစ်ရှိတဲ့ သရဏဂုံပျက်ရင်တော့ ယခုဘ၀တည်ဖို့မှ မဖြစ်နိုင်ဘူးဆိုရင်တော့ ဘ၀ဆက်တိုင်းကတော့ တွေးမနေတာပဲ ကောင်းပါတယ်။ ဒါ့ကြောင့် အပြစ်ရှိတဲ့ သရဏဂုံမပျက်မိစေဖို့ အထူးသတိထားမှာချင်ပါတယ်။

နတ်ကိုးကွယ်မှု အကြောင်းကိုတော့ လူငယ်အများစုအတွက်တော့ စိတ်ထဲမှာရှင်းပြီးသားတွေ များပေမယ့် ကျနော်တို့တွေရဲ့ ပတ်ဝန်းကျင် အများစုမှာ ဒီအစွဲတွေ မပျောက်တာတွေ များပါတယ်။ တချို့ လူအများစုကျတော့လည်း အစဉ်အဆက် လုပ်လာကြတာ ကြာလာတော့ မစွန့်လွှတ်ရဲကြပါဘူး။ မစွန့်ရဲရင်တော့ အတင်းကြီးမစွန့်ခိုင်းပါဘူး။ ဒါပေမယ့်လည်း ကိုးကွယ်ခြင်းနဲ့ ပသခြင်းကိုတော့ ခွဲခြားထားရပါ့မယ်။ ကိုးကွယ်ခြင်းဆိုတာကတော့ ကိလေသာဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ အပါယ်ဘေးမှ ကင်းလွှတ်နိုင်သောကြောင့်.. နောက်ပြီး ကိုးကွယ်ရာ အစစ်အမှန်ဟူသော စိတ်နှင့် ဘုရား၊ တရား၊ သံဃာကို ရှိခိုးကန်တော့ပူဇော်လိုက်တာဟာ ကိုးကွယ်ခြင်းပါ။ နောက် ပသခြင်းဆိုတာကတော့ တင်တာ ကျွေးတာကိုပြောတာပါ။ ဒါကတော့အပြစ်မရှိပါဘူး။ တိရိစ္ဆာန်ကိုကျွေးတောင် ကုသိုလ်ရတာမို့ အခြားမည်သူ့ကိုမဆိုလည်း ပသကောင်းပါတယ်။ ဒါကတော့ ပသခြင်းပါ။ ကိုးကွယ်ခြင်းနဲ့ပသခြင်းကိုသေချာ ခွဲခြားသိသွားပြီးတော့ ဘုရား၊ တရား၊ သံဃာ မှတစ်ပါး တခြားဘယ်အရာကိုမှ အသက်နဲ့ခန္ဓာအပ်နှင်းပြီးတော့ မကိုးကွယ်ကောင်းသင့်ပါဘူး ဆိုတာကို သိစေချင်ပါတယ်။

ဒီအကြောင်းကိုဘာလို့ သေချာအဓိကထား ပြောရလဲဆိုတော့ ဒါန၊ သီလ၊ ဘာဝနာတွေတော့ လုပ်ပါရဲ့.. အလှူအတန်းတွေလည်း လုပ်ပါရဲ့.. ကိုယ်က သရဏဂုံမတည်ထားဘူး.. တခြားအရာတွေ ကိုးကွယ်နေတယ်ဆိုရင် ကိုယ်လှူနေတဲ့ အလှူ ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ သာသနာပကာလမှာလုပ်တဲ့ အလုပ်တွေ ဖြစ်နေပါတယ်။ တရားတွေအားထုတ်နေတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တရားအလုပ်တွေ လုပ်နေနေ သရဏဂုံမှ ကောင်းစွာ တည်မထားဘူးဆိုရင်တော့ ဘယ်တော့မှ တရားရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ စစ်မှန်တဲ့သရဏဂုံ တည်ထားဖို့ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာအားလုံး အပြစ်ရှိသော သရဏဂုံကိုးကွယ်မှုမှ ကင်းလွတ်ပြီး စစ်မှန်တဲ့ သရဏဂုံတည်စေခြင်းဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို အမြန်ဆုံး တက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက်ပါတယ်။

(from This Link)

1 comment:

  1. ပို့စ်ကောင်းလေးတစ်ပုဒ်ပါပဲအစ်ကို.ညီလည်း နောက်ကျရင် ဒီအကြောင်းကိုအကျယ်ရေးပါဦးမယ်.။ လင့်ခ်ယူသွားပါတယ်အစ်ကို.။

    ReplyDelete