(၁၅)ကောင်းမြတ်သော သုစရိုက်တရားတို့ကို ကျင့်ခြင်း
ရှေးအခါက ကာသိတိုင်း၌ ဓမ္မပါလမည်သော ရွာတစ်ရွာ ရှိသည်။ ထိုဓမ္မပါလ
ရွာသားတို့သည် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း စသော ကုသိုလ်ကောင်းမှု
တို့ကို အမြဲပြုသည်။
ထိုရွာ၌ မဟာဓမ္မပါလ အမည်ရှိသော ပုဏ္ဏားကြီးရှိ၏။
ထိုပုဏ္ဏားကြီးတွင် သားတစ်ယောက် ရှိသည်။ ဓမ္မပါလ သတို့သားဟု အမည်ရှိ၏။ ထိုဓမ္မပါလ သတို့သားသည်
အရွယ်ရောက်သောအခါ ဖခင်ပုဏ္ဏားကြီးက သူ့ကို တက္ကသိုလ်ပြည်သို့
‘‘ချစ်သား၊ ဒိသာပါမောက္ခ ဆရာကြီးထံ ပညာသွားရောက်ဆည်းပူးပါ။ ဆရာကြီးကိုလည်း ငွေအသပြာ တစ်ထောင်ပူဇော်ပါ’’
ဟုဆိုကာ စေလွှတ်လိုက်သည်။
ဓမ္မပါလ သတို့သားသည် တက္ကသိုလ်ဆရာကြီးထံ
ရောက်လျှင် အသပြာတစ်ထောင် ပူဇော်၍ ပညာသင်ယူသည်။ ရိုးသား၊ကြိုးစား၍ မကြာမှီပင် တပည့်ငါးရာတို့၏
အကြီးအမှူးဖြစ်လာ၏။
တစ်နေ့တွင် ဒိသာပါမောက္ခဆရာကြီး၏
သားကြီးသည် ကွယ်လွန်သွားသည်။ ဆရာကြီးနှင့်ဆွေမျိုးညာတိ၊ တပည့်အပေါင်းတို့သည် ကွယ်လွန်သူ
သားကြီး၏အလောင်းကိုသုသာန်၌ ကောင်းစာသဂြုင်္ိလ်ကြသည်။
ထိုသို့သဂြုင်္ိလ်ရာတွင် ဓမ္မပါလ
သတို့သားမှ တစ်ပါး အားလုံးသည် သည်းထန်စွာ ငိုကြွေးကြလေသည်။
သုသာန်မှ ပြန်ရောက်လတ်သောအခါ
တပည့်တို့က‘‘အဆွေတို့၊ ဆရာကြီး၏သားသည် အကျင့်စာရိတ္တကောင်းမွန်၍ နုပျိုငယ်ရွယ် ပါလျက်
သေလွန်ရရှာပေသည်’’ ဟု အချင်းချင်း ဝမ်းနည်းစွာ ပြောဆိုကြ၏။
ထိုအခါ ဓမ္မပါလသတို့သားက နားမလည်နိုင်သဖြင့်
မိတ်ဆွေများကို မေးမြန်း၏။
‘‘အဆွေတို့၊ နုငယ်စဉ်အခါ၌
မသေသင့်ပဲ အဘယ်ကြောင့် သေရပါသနည်း’’ ဟု ဆိုရာ ‘‘အဆွေ ဓမ္မပါလ၊ သင်သည် သတ္တဝါတို့ သေရမြဲ
ဓမ္မတာကို မသိပါသလော’’ ဟုဖြေကြလေသည်။
ထိုအခါ ဓမ္မပါလက ‘‘အဆွေတို့၊
ငါသိပါ၏။ သိုသော် ငါတို့ရွာသားများနှင့် ငါတို့မျိုးရိုးစဉ်ဆက်မှာမူ နုပျိုငယ်ရွယ်စဉ်
မသေ။ ကြီးရင့်အိုမင်း၍ သက်တမ်းကုန်ဆုံးမှသာ သေပါသည်။’’
‘‘အဆွေ ဓမ္မပါလ၊ သင်တို့၏
အမျိုးအစဉ်အဆက်သည် ကြီးရင့်အိုမင်းမှ သေသည်ဆိုခြင်းမှာ အကယ်အမှန်ပင် ဟုတ်ပါ၏လော’’ ဟုနားမလည်နိုင်စွာ
မေးမြန်းကြလေသည်။
ထိုအခါ ဓမ္မပါလ ကလည်း ‘‘အဆွေတို့
အကယ်ဟုတ်မှန်ပါသည်။’’
ဓမ္မပါလ နှင့် တပည့်တို့ အချီအချ
ပြောနေသော စကားများကို ဆရာကြီးကြားသောအခါ ဓမ္မပါလအား ခေါ်ယူ၍ ‘‘အမောင်တို့၏ အမျိုးများမှာ
ငယ်ရွယ်စဉ် မသေ၊ ကြီးရင့်အိုမင်းမှ သေသည် ဆိုသည်မှာ မှန်ပါသလော’’ ဟု ထပ်မံမေးမြန်းပြန်၏။
ဓမ္မပါလ ကလည်း ‘‘ဆရာကြီး၊
ကျွန်ုပ်သည် မှန်သောစကားကိုသာ ဆိုပါ၏’’ ဟုပြန်လည် ဖြေကြားလေသည်။
ဆရာကြီးလည်း ‘‘ဓမ္မပါလကား
အံ့ဖွယ်စကားကို ဆိုဘိ၏။ သူ့အဖထံ ငါသွား၍စုံစမ်းပြီး အကယ်ဟုတ်မှန်ပါက အသက်ရှည်ကြောင်း
နည်းလမ်းကောင်းကို ငါတောင်းခံမည်’’ ဟု ကြံစည်မိ၏။
ထို့နောက် ဓမ္မပါလအား ‘‘သင့်အဖထံ
ငါကိုယ်တိုင်သွား၍ စုံစမ်းဦးမည်။ ငါမရှိခိုက် တပည့်ငါးရာကို ကောင်းစွာထိန်းသိမ်း၍
ပညာသင်ကြားပေးပါ’’ ဟုမှာကြားကာ ဓမ္မပါလရွာသို့ ထွက်ခွါသွားလေ၏။
ဆရာကြီးသည် လမ်းခရီး၌ ဆိတ်ရိုးတို့ကို
အိတ်တစ်ခု၌ ထည့်ပြီးလျှင် ယူဆောင်သွားလေ၏။
မကြာမီ ဓမ္မပါလ ရွာသို့ ရောက်ရှိသွားလေသည်။
မဟာဓမ္မပါလပုဏ္ဏားကြီးက ဒိသာပါမောက္ခဆရာကြီးအား ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြို၍ ကြည်သာသောစကားကိုဆိုကာ
ကောင်းစွာကျွေးမွေးလေသည်။
ဆရာကြီးသည် ပုဏ္ဏားကြီးနှင့်
ကြည်သာစွာ စကားဆိုပြီးနောက် ‘‘အို ပုဏ္ဏားကြီး၊ သင့်သား ဓမ္မပါလ သတို့သားကား ပညာရှိ၏။
ဉာဏ်ထက်မြက်၏။ ဗေဒင် သုံးပုံနှင့် တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာ တို့ကို တစ်ဖက်ကမ်းခပ်
တတ်မြောက်၏။ သို့သော် မကြာမီကပင် ပြင်းထန်သောရောဂါ ရ၍ ကွယ်လွန်ရှာပြီ။ ခပ်သိမ်းသော
သင်္ခါရတို့သည် အမြဲမရှိကုန်။ စိုးရိမ်ပူဆွေးခြင်း မဖြစ်ပါနှင့်’’ ဟုပြောဆိုလိုက်သည်။
ထိုအခါ ပုဏ္ဏားကြီးသည် လက်ခုပ်လက်ဝါးတီး၍
ရယ်မောသည်။
‘‘ဆရာကြီး၊ ကျွန်ုပ်၏သား
ဓမ္မပါလ မသေနိုင်ပါ။ တစ်စုံတစ်ယောက်သော သူသေသည် ဖြစ်ပါလိမ့်မည်’’ ဟုဆိုလေသည်။
ဆရာကြီးက ‘‘ပုဏ္ဏားကြီး၊ ယုံကြည်လော့။
သည်အရိုးတို့ကား သင့်သား၏ အရိုးများပင် ဖြစ်တော့သည်။’’ ဟုဆို၍ အိတ်တွင် ထည့်လာသော အရိုးတို့ကိုထုတ်ပြ၏။
‘‘ဆရာကြီး၊ ဤအရိုးတို့ကား
ဓမ္မပါလ၏ အရိုးတို့ မဖြစ်နိုင်။ ဆိတ်ရိုး၊ ခွေးရိုးတို့သာ ဖြစ်ပါလိမ့်မည်။ ဓမ္မပါလကား
မသေ။ ကျွန်ုပ်တို့ ဆွေမျိုးခုနှစ်ဆက်တွင် ငယ်ရွယ်စဉ် သေဆုံးသူ ဟူ၍ တစ်ဦးတစ်ယောက်မျှမရှိ။
သင် မုသားကို ဆိုဘိ၏။’’ ဟု ပုဏ္ဏားကြီးက ဆို၏။
ထိုအခါမှ တက္ကသိုလ်ဆရာကြီးက
ဓမ္မပါလ မသေ။ မိမိ စုံစမ်းမေးမြန်းရန် လာရကြောင်း အဖြစ်မှန်ကို တောင်းပန်ပြောဆို၏။
ထို့နောက် အသက်ရှည်ကြောင်း
အကြောင်းရင်းကို မေးမြန်းလေသည်။
ပုဏ္ဏားကြီးက ‘‘ဆရာကြီး၊ ကျွန်ုပ်တို့သည်
တရားကျင့်ကြံ ကြပါသည်။ သူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ် မကောင်းမှုကို မပြုကြပါ။ မသူတော်တရားနှင့်
သူတော်ကောင်းတရား နှစ်မျိုးလုံးကို နာကြပါသည်။ သူတို့နှင့် မဆန့်ကျင်အောင် နာကြသော်လည်း
မသူတော်တရားများကို လုံးဝလက်မခံကြပါ။ သူတော်ကောင်းတရားကိုသာ လက်ခံကျင့်ကြံပါသည်။ ကျွန်ုပ်တို့သည် ဒါနပြုရာတွင်လည်း မလှူမှီ၊ လှူဆဲ၊
လှူပြီးသော အခါ၌လည်း ဝမ်းသာပါသည်။ နောင်တမဖြစ်ကြပါ။ ရဟန်း၊ ပုဏ္ဏား၊ ခရီးသည်၊ သူတောင်းစား၊
ဆင်းရဲသားတို့ကို ထမင်း၊ အဖျော်ပေးကမ်း ကြပါသည်။ ကျွန်ုပ်တို့၏ ဇနီးများသည် အခြားယောင်္ကျားများနှင့်
မမှားယွင်းပါ။ အလားတူပင် ကျွန်ုပ်တို့သည် အသက်မသတ်ကြ၊ မခိုးကြ၊ မလိမ်ကြ၊ အရက်မသောက်ကြပါ။
အမိအဖ၊ ညီအစ်ကို၊ မောင်နှမ၊ သားမယားတို့မှ စ၍ ကျေးကျွန်များအထိ အားလုံးသည် နောင်ဘဝရေးအတွက်
တရားကျင့်ကြသူချည်း ဖြစ်ပါသည်။ ထိုသို့ကောင်းမြတ်သော တရားတို့ကိုကျင့်ကြံကြသဖြင့် ကျွန်ုပ်တို့သည်
ငယ်ရွယ်စဉ်မသေကြပါ၊ ကြီးရင့်အိုမင်း၍ သက်တမ်းပြည့်သောအခါမှ သေကြပါသည်’’ ဟု ရှင်းလင်း
ပြောဆိုလေသည်။
တက္ကသိုလ်ဆရာကြီးလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့်
သူတော်ကောင်းတရားတို့ကို ကျင့်ကြံပွားများနိုင်ရန် အတွက် ရွှေပေတွင် ရေးမှတ်သား၍ တက္ကသိုလ်ပြည်သို့
ပြန်သွားလေသည်။ ကောင်းမြတ်သော သူတော်ကောင်းတရားကို ကျင့်ကြံခြင်းအတွက် ရရှိသောအကျိုးကို
မှတ်သားနာယူ၍ ကောင်းမြတ်သောမင်္ဂလာတရား တစ်ရပ်ကို အသက်ထက်ဆုံးတိုင်ကျင့်ကြံသွားလေသတည်း။
မင်းယုဝေ
No comments:
Post a Comment