Wednesday 12 September 2012

၃၈ဖြာမင်္ဂလာ(၁၀)

(၁၀) ချိုသာသောစကား ကို ဆိုခြင်း
ချိုသာသော စကားကိုဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
ကြီးပွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်၏။
တစ်ရံသောအခါက ဂန္ဓာရတိုင်း၊ တက္ကသိုလ်ပြည်၌ နေသော ပုဏ္ဏားတစ်ယောက်တွင် ခွန်အားဗလနှင့် ပြည့်စုံသော နန္ဒိဝိသာလအမည်ရှိသည့် နွားတစ်ကောင်ရှိ၏။
ပုဏ္ဏားသည် ထိုနွားအား သားကဲ့သို့ ကောင်းစွာကျွေးမွေးစောင့်ရှောက်ထားလေ၏။
တစ်နေ့သော် နန္ဒဝိသာလသည် ကျေးဇူးရှင်ပုဏ္ဏားကြီးအား ကျေးဇူးဆပ်ရန်ကြံစည်မိသဖြင့်
ပုဏ္ဏားကြီးထံ ‘‘အသင်ပုဏ္ဏားကြီး ငါသည် ဝန်အပြည့်ပါသော လှည်းတစ်ရာကို တစ်ကောင်တည်းဖြင့်ဆွဲနိုင်သည်ဟု
ဤမြို့ ရှိသူဌေး ဂေါဝိတ္တထံ အသပြာ တစ်ထောင်ကြေးလောင်းကြေးထပ်ပါ’’ ဟုပြောလိုက်သည်။
ပုဏ္ဏားလည်း နန္ဒိဝိသာလ ပြောသည့်အတိုင်းလောင်းကြေးထပ်ပြီး
ချိန်းသောနေ့တွင် နန္ဒိဝိသာလအား သဲ၊ကျောက်စရစ်တို့တင်ဆောင်ထားသော လှည်းတစ်ရာအား
အဆွဲခိုင်းစေသည်။

ထိုသို့စေခိုင်းရာတွင် ပုဏ္ဏားသည် နှင်တံကိုမြှောက်လျှက် ‘‘ ဟဲ့ ကောက်ကျစ်သောနွား သွားလော့၊ ဝန်ကိုဆောင်လော့’’
ဟုဆိုကာ မောင်းနှင်လေသည်။
ထိုအခါ နန္ဒိဝိသာလသည် ‘‘ ငါသည် မည်သည့်အခါမျှ ကောက်ကျစ်ခြင်းမရှိခဲ့။ သို့ပါလျက် ကောက်ကျစ်သောနွားဟု ဆို၏’’ ဟုတ်မခံမရပ်နိုင်ဖြစ်ကာ နေရာမှမရွှေ့ ပေ။

သို့ဖြစ်သောကြောင့်ပုဏ္ဏားလည်း လောင်းကြေးရှုံးကာ မသာမယာဖြစ်နေ၏။
နန္ဒိဝိသာလ က ‘‘ အသင်ပုဏ္ဏား ငါသည် အသင့်အိမ်မှာနေသည်မှာ ကြာခဲ့ပေပြီ။ ငါ့ကြောင့် တစ်စုံတစ်ရာ ပျက်ဆီးဖူးသလော၊ ငါသည် နေရာမဟုတ်ပဲ စည်းကမ်းမဲ့ ကျင်ကြီး၊ ကျင်ငယ် စွန့်ဘူးသလော’’ ဟု မေးမြန်းရာ
ပုဏ္ဏားကြီးကလဲမလုပ်ဘူးကြောင်းပြော၏
သို့ဆိုလျှင် ‘‘ ငါ့အား ကောက်ကျစ်သောနွားဟု အဘယ်ကြောင့်ခေါ်ဆိုရသနည်း။ သင်ပုဏ္ဏား သည်မဟုတ်မမှန်သောစကားကိုဆို၍ ငါမဆွဲပဲနေခြင်း ဖြစ်သည်။ သူဌေးထံ တဖန်ပြန်သွား၍ အသပြာ နှစ်ထောင်ကြေးလောင်းချေ၊ ကျွန်ုပ်အားချိုသာသောစကားကိုပြော၍ မောင်းနှင်ပါလေ’’ ဟုနန္ဒိဝိသာလက
ဆိုလိုက်လေ၏၊

ဤအကြိမ်တွင် ပုဏ္ဏားကြီးက နန္ဒိဝိသာလ ၏ ကျောကုန်းကိုပွတ်သပ်ကာ ‘‘ ကောင်းသောနွား သွားလော့၊ လိမ္မာသောနွား ဝန်ကိုဆောင်လော့’’ ဟု ချိုသာစွာပြောဆို မောင်းနှင်လေသည်။ နန္ဒိဝိသာလလည်း တစ်ဟုန်ချင်းဖြင့် လှည်းတစ်ရာကို အောင်မြင်စွာ ဆွဲယူသွားလေသည်။

ထိုအခါ ပုဏ္ဏားကြီးလည်း အသပြာ နှစ်ထောင်ကိုအနိုင်ရပြီး၊ နန္ဒိဝိသာလအားလည်းလူအများက ချီးကျူးကြလေကုန်သည်။
ချိုစွာသောစကားကို ဆိုခြင်းကြောင့် မိမိအလိုရှိရာကိုအောင်မြင်ရာ၏။

(မင်းယုဝေ)

No comments:

Post a Comment